လွန်ခဲ့သော ( ၂၅ ) နှစ်ခန့် စဉ်းကူးမြို့နယ် ဇရပ်ကွင်း ဆိုတဲ့ ရွာငယ်လေး၏ ဖုန်တစ်လိမ့်လိမ့် ထနေတဲ့ မြေသားလမ်းကလေးဘေးတွင် ကွမ်းယာရောင်းနေသောကောင်လေးတစ်ယောက်က… ယခု ရန်ကုန်နှင့် မန္တလေးမြို့ကြီးတွေမှာ ရွေဆိုင်(၅)ဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းများကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့တယ်… ဆိုရင် စာဖတ်သူအံ့အားသင့်သွားစရာ အကြောင်းရှိပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေကြားမှာ ယနေ့အထိ တွင်တွင်ကျယ်ကျယ် အသုံးပြု့ပြောဆိုနေတဲ့ စကားပုံတစ်ခု ရှိပါတယ်။

” စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်နေတုန်း ကွမ်းယာသည်က ကလန့်ကလန့်နဲ့ ” ။

စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်နေတဲ့ကြားတဲ့ ကွမ်းယာသည်က ကလန့်လန့်လုပ်ခဲ့ခြင်းကြောင့် ကောင်လေးတစ်ယောက်ဟာ ကွမ်းယာသည်မှ စိန်ကောင်းကျောက်ကောင်း ကုန်သည်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ စိန်နှင့် ရွှေတို့သည် ကမ္ဘာ့အဆင့်မီထုတ်လုပ်နိုင်ခြင်းကြောင့်လည်း ISO 9001. 2008 ဆုကို ချီးမြင့်ခြင်းခံခဲရပြန်ပါတယ်။ ထိုသူဟာ ” အောင်သမာဓိ ” စိန်ရွှေရတနာရောင်းဝယ်ရေးနှင့် ရွှေသန့်စင်လုပ်ငန်းပိုင်ရှင် “ဦးအောင်ဆန်းဝင်း” ဖြစ်ပါသည်။ သူဟာ မန္တလေးဓာတ်သတ္တုတူးဖော်ရေး အသင်းရဲ့ ဒုဥက္ကဌ အဖြစ်လည်း တာဝန်ယူထားပါသည်။

၁၉၆၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် အဖဦးထွန်းရွှေ နှင့် အမိဒေါ်ကြည်မြိုင်တို့မှ မန္တလေးတိုင်း မတ္တရာမြို့နယ် “ရေနံ့သာကျေးရွာ” တွင် မွေးဖွားခဲ့ပြီး စဉ့်ကူးမြို့နယ် “လက်ပံလှရွာ” မှာ ကြီးပြင်းခဲ့ပြီး မွေးချင်းခြောက်အနက် ဒုတိယမြောက်သား ဖြစ်သည်။ ၁၉၈၃တွင် ဇနီးဖြစ်သူ ဒေါ်မော်စီ နှင့် အိမ်ထောင်ကျပြီး သားတစ်ယောက်နှင့် သမီးသုံးယောက် ထွန်းကားခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် “အောင်သမာဓိ” ရွှေသန့်စင်လုပ်ငန်းကို မန္တလေးမြို့၌ စတင်လုပ်ကိုင်ခဲ့ပြီး ယခုအခါ အောင်သမာဓိရွှေဆိုင်ကို မန္တလေးမြို့တွင် ၃ ဆိုင်နှင့် ရန်ကုန်မြို့တွင် ၂ ဆိုင် ဖွင့်လှစ်ထားရှိသည်။ ထို့အပြင် အခမဲ့ရွှေသင်တန်းကိုလည်း သင်ကြားပို့ချပေးလျက်ရှိပေသည်။

#_ငယ်ဘဝဖြတ်သန်းမှု
ငယ်စဉ်က အင်မတန်ချု့ိတဲ့သော သူဆင်းရဲသား ဘဝတစ်ခုကို ဖြတ်သန်းခဲ့ပါတယ်။ သူကျောင်းနေစဉ်အရွယ်မှာပင် အိမ်အလုပ်တွေကို မနားမနေကူလုပ်ပေးခဲ့ရပါတယ်။ ညဘက်ဆိုရင် ဓားသွေး၊ မနက် ၄ နာရီ အိပ်ရာမှထပြီး ရွာအနီးရှိ တောထဲသို့ ထင်ခုတ်ထွက်ရတယ်။ ညနေ ၅ နာရီအချိန်လောက်မှသာ အိမ်ပြန်ရောက်ပါတယ်။ ည ၁၀ နာရီကျော် ၁၂ နာရီမှာ အိပ်ရာထပြီး မိခင်ဖြစ်သူ မိုးကုတ်သို့သွားရောင်းမယ့် မျှစ်နဲ့ ခရမ်းချဉ်သီးသေတ္တာများကို ကားပေါ်သို့ ထမ်းတင်ပေးရပြန်ပါတယ်။

#လက်ဦးဆရာ
အသက် ၄ နှစ်ခွဲ ၅ နှစ်အရွယ်တွင် မိဘများက ရွာဦးကျောင်းဆရာတော် ဥုးလက္ခဏ ထံတွင် အပ်နှံခဲ့ကြပါတယ်။ မူလတန်းကျောင်းသားဘဝကို ဘုန်းကြီးကျောင်းတွင် ပညာသင်ခဲ့ရပါတယ်။ ဆရာတော်၏ စည်းကမ်းကြီးမှုနှင့် ဆိုဆုံးမမှုတို့ကိုလည်း ယနေ့အထိ မမေ့သေးကြောင်း သူက ယခုလိုဆိုပါတယ်… ဆရာတော်၏ စည်းကမ်းကြီးမှုနှင့် ဆိုဆုံးမမှုတို့ကို ယခုအချိန်ထိပင် ကျွန်တော် မှတ်မိနေသေးသည်။ ဘုန်းကြီးကျောင်းမှာ မနက်လင်းသောအခါ ဆွမ်းခံထွက်ကြရတယ်။ ဆွမ်းခံထွက်ရာတွင် အိမ်က ဆွမ်းချိုင့်လည်း ဝင်ယူရသေးသည်။ နေ့ခင်းနေ့လည်တွင် ကျောင်းစာနှင့် တရားစာများသင်ရပြီး နေ့ခင် တစ်ရေးအိပ်ကြရသည်။ ညနေဘုရားဝတ်မတက်မီ ကျောင်းသားအားလုံး လက်အုပ်ချီ မတ်တပ်ရပ်ပြီး တန်းစီကာ အိမ်စာလုပ် မလုပ် စစ်ဆေးပြီး မလုပ်တဲ့သူများက ဆရာတော်ရိုက်တာ ခံကြရသည်။

ညပိုင်း ဘုရားဝတ်တက်ရင်လည်း ဘေးအိမ်က သူငယ်ချင်းကြားအောင် အသံကျယ်ကျယ်ဖြင့် ဝတ်တက်ရသေးသည်။ နောက်နေ့တွင် ဆရာတော်က ဘုရားဝတ်မတက်သည့် သူများကို ကြိမ်လုံးဖြင့် ရိုက်လေ့ရှိသည်။ တစ်နေ့တွင် ကျွန်တော်ဘုရား ဝတ်မတက်ဘူးဟု တိုင်သောကြောင့် ဆရာတော့်ကြိမ်းလုံးဖြင့် အစင်းရာထင်အောင် အရိုက်ခံလိုက်ရသည်။ တိုင်သည့် ကျောင်းသားကို ကျွန်တော်မသိလိုက်ရပေ။ ဆရာတော်ထံတွင် ၆ လမျှသာနေခဲ့ရသော်လည်း ဆရာတော်ကို ကြောက်ရွံ့လေးစားခဲ့ရသည်မှာ ကျွန်တော့်အတွက် ယနေ့တိုင် အရိုးထိတိုင် စွဲနေသေးသည်။ ဆရာတော်က ငှက်ပျောသီးဆိုရင်လည်း သုံးပိုင်း ပိုင်းပြီး တစ်ပိုင်းစားရသည်။ ငှက်ပျောသီးတစ်ပိုင်း စားရသည့် အရသာ… ကျောကော့အောင် အရိုက်ခံရသည့် ခံစားမှုနှင့် ဆရာတော်၏ စည်းကမ်းကြပ်မတ်မှုများ၏ ကျေးဇူးတို့က ကျွန်တော့်ဘဝအတွက် အမှတ်ရစေမည့် အရာများပင်ဖြစ်သည်။ ဆရာတော်ကို တစ်ရွာလုံးက လေးစားကြည်ညိုကြသည်။ ရိုက်နှက်ဆုံမသည့်အတွက်လည်း မိဘများက ယခုခေတ်လိုမျိုး စောဒကမတက်ရဲပေ။

#_ကျောင်းဆရာရှားပါးမှုနှင့်_သူ့ရဲ့ပညာရေးအခြေနေ_
ဆယ်တန်းမအောင်သည်မှာ ကျွန်တော့်ဘဝအတွက် အခက်အခဲတစ်ခု ဖြစ်ခဲ့သည်။ လက်ပံလှကျောင်းတွင် အလယ်တန်းအထိ သင်နိုင်သော်လည်း ငါးတန်းနှင့် ခြောက်တန်းအထိသာ ဆရာပြည့်စုံမှုနှင့် သင်နိုင်သည်။ ခုနှစ်တန်းရောက်သည့် အချိန်တွင် ကျောင်းဆရာ မပြည့်စုံပေ။ တစ်ကျောင်းလုံးတွင် ကျောင်းဆရာ ( ၂ ) ယောက် သာရှိသည်။ သချာၤနှင့် ကျန်ဘာသာ အားလုံးကိုသင်ခဲ့ရပြီး အင်္ဂလိပ်စာသင်ပေးမည့် ဆရာမှာ မရှိပေ။ ကံကောင်းစွာဖြင့် ( ၈ ) တန်း ဖြေခါနီး နှစ်လလောက်အလိုတွင်းမှ နောက်ထပ်ဆရာနှစ်ယောက် ထပ်ရောက်လာသည်။ ကျောင်းအုပ်ကြီးက ကျန်ဘာသာအားလုံးကို သင်ပေးပြီး စာမေးပွဲဖြေခါနီး တစ်လလောက် အလိုတွင်မှ အင်္ဂလိပ်စာအတွက် အဓိကပုံသေနည်းများကိုသာ သင်ခဲ့ရသည်။ ကံကောင်းစွာဖြင့် (၈) တန်းကို အစိုးရစစ်ဖြင့် ခက်ခက်ခဲခဲအောင်သွားခဲ့သည်။ အဲဒီအချိန်တုန်းက အလယ်တန်းပညာရေး ရှားပါးသည့်အချိန်ဖြစ်သည့်အတွက် (၈)တန်း ကို အောင်သွားခဲ့သော်လည်း ပွင့်ပွင့်လင်းလင်း ပြောရရင် အခြေခံ မရှိခဲ့ပေ။

#_ဆုံးခန်းမတိုင်မီရပ်နားလိုက်ခဲ့ရသော_ကျောင်းပညာရေး_

အလယ်တန်းကနေ အထက်တန်းကို ရောက်သွားသော အခါတွင် အထက်တန်းကို လက်ပံလှရွာမှ ၅ မိုင်းဝေးသော စဉ့်ကူးမြို့သို့ ခက်ခက်ခဲခဲ ကျောင်းတက်ခဲ့ရသည်။ အများနည်းတူ စက်ဘီးမစီးနိုင်လို့ ငါးမိုင်ခရီးကို နှစ်နာရီလောက် လမ်းလျှောက်ပြီး ကျောင်းတက်ခဲ့ရသည်။ ဆယ်တန်းကျောင်းသာဘဝတွင် တစ်ခါတစ်ရံ ထမင်းချိုင့် မပါသွားခဲ့သည်လည်း ရှိခဲ့ဖူးသည်။ (၈)တန်းကို ခက်ခက်ခဲခဲအောင်ပြီး… (၉)တန်း ရောက်သောအခါ Physics, Chemistry တို့ကို သင်ရသည့်အခါတွင် အင်္ဂလိပ်စာအခြေခံ မပါသည့်အတွက် ဆယ်တန်းအောင်ရန် ခဲယဉ်းသွားခဲ့သည်။ အင်္ဂလိပ်စာကို မပိုင်ခဲ့တာတွေ၊ ကျူရှင်ရှိလည်း တက်ရန် မတက်နိုင်ခဲ့သောကြောင့် ဆယ်တန်းရောက်သောအခါ ကမောက်ကမဖြစ်ပြီး နောက်ဆုံးတွင် ဆယ်တန်းမအောင်ခဲ့ပေ။ (၉)တန်းကတည်းက စာမလိုက်နိုင်ခဲ့သောကြောင့် မဖြေခင် ဆယ်တန်းကျမည်ကို ကြိုသိနေခဲ့သည်။ ဆယ်တန်းပြန်ဖြေရမည့် စရိတ်ကလည်း အကုန်အကျများသောကြောင့် ပြန်မဖြေတော့ဘဲ အလုပ် လုပ်ရန် စဉ်းစားခဲ့သည်။

#_ဖြစ်ချင်တာမဖြစ်တော့_ဖြစ်သင့်တာလုပ်တယ်_

(၁၀)တန်းနှင့် (၁၀)တန်းအောင် အဆင့်ကို ဦးစားပေးခေါ်ယူနေသည့် စပါးတာလီစာရေးကို သွားဖြေခဲ့ပါသေးတယ်။ သို့သော်လည်း သူဟာ တာလီစာရေး စာမေးပွဲလည်း မအောင်မြင်ခဲ့ပေ။ သူ့အတွက် အဲဒီ့အချိန်ဟာ ဆောက်တည်ရာရှာမရအောင် စိတ်ဓာတ်အကျခဲ့ဆုံးကာလ အခိုက်အတန့်ပါပဲ။ ဘာလုပ်စရာ ရှိသေးလဲ… သူဘာလုပ်မလဲ…။ ၁၉၈၃ ခုနှစ်လောက်မှာ သူနေထိုင်တဲ့ စဉ့်ကူးမြို့နယ်နှင့် ကပ်လျက်ရှိသည့် သပိတ်ကျင်းမြို့နယ်တွင် ရွှေတောများ ခေတ်စားနေသည့် ကာလ… နွယ်ရုံ၊ ကျည်တောက်ပေါက်၊ ဇရပ်ကွင်း၊ ကွင်း(၃၀) စတဲ့ နေရာတွေမှာတော့ ရွှေကျင်ကြတဲ့ ရွှေတောတွေဟာ အင်မတန်နာမည်ကြီးပါတယ်။ လူတွေအများကြီး ရွှေတောတက် ရွှေကျင်ကြ၊ ရွှေရှာဖွေကြပါတယ်။ သူလည်း အများနည်းတူ လုပ်ကိုင်ချင်စိတ်တယ်။ သို့သော်…သူ့ပုံစံက ဗလမရှိ၊ ပိန်သေးသေးနဲ့ လူ့ဖလံလေးရယ်။
တူးဟယ်…ဆွဟယ်…ပိုးဟယ်…ထမ်းဟယ်… သူဘယ်လို လုပ်နိုင်မလဲ။ ဒီတော့ သူ့တစ်ပိုင်တစ်နိုင် ငွေစကလေးနဲ့ ရွှေတောဝန်းကျင်မှာ ဆိုင်ကလေးတစ်ဆိုင် ထဖွင့်လိုက်တယ်။

Credit: ” အောင်အောင် ” …. ကွမ်းယာ…။

photo_ Aung San Win